တကျော့ပြန် ခေတ်ထလာတဲ့ HIV ပိုး ကူးစက်ခံရမှု ပြဿနာ
ကိုဗစ်ကပ်ဘေးဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပြီးနောက်ပိုင်း သူ့သတင်းကလွဲလို့ တခြားကျန်းမာရေးသတင်းတွေက တော်တော်လေး တိမ်မြုပ်သွားပါတယ်။ အထူးသဖြင့် သူစိမ်းလူတွေနဲ့ ထိတွေ့မှု မရှိသလောက်နည်းသွားတဲ့အတွက် HIV ကူးစက်ခံရတဲ့ သတင်းတွေဆိုတာလည်း တော်တော်လေး နည်းသွားတာ သိပ်တော့ မထူးဆန်းပါဘူး။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအတွင်း ထိတွေ့ဆက်ဆံမှုတွေ နည်းသွားရာကနေ အခုဆို ဘာမှမဖြစ်ခဲ့သလို ပြန်ပြီးသွားလာလည်ပတ်နေကြတယ်။ ကပ်ဘေးကာလမှာ အိမ်တွင်းအောင်းခဲ့သမျှ လူငယ်တွေအကုန်လုံး အတိုးချပြီး အပီအပြင်ကဲလာကြတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်လာရင်လည်း နဂိုကတည်းက အပျော်အပါးလိုက်စားတတ်သူတွေ အခုလိုအချိန်ကို သေချာအသုံးချပြီး ဒိတ်တင်တွေ ပြန်လုပ်လာကြတယ်။ ဒီတော့ အကျိုးဆက်အနေနဲ့ HIV ကူးစက်မှု ပြန်မြင့်လာပြီဆိုတဲ့ သတင်းတွေကို ဆက်တိုက်ဆိုသလို ကြားရတော့တာပေါ့။
HIV ပိုးဟာ ဘယ်တုန်းကမှ ဒီလောကဆီက မကွယ်ပျောက်သွားခဲ့သလို လူတွေအကုန်လုံးက ကိုဗစ်ကို အာရုံအရမ်းစိုက်နေကြတဲ့အတွက် ဒီပြဿနာကို မေ့လျော့ထားခဲ့ကြတာပါ။ ဒီတော့ HIV ပိုးနဲ့ ပတ်သက်ပြီး ပြန်ပြောပေးရမယ်ဆိုရင်
ကူးစက်ပုံ
- ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- တခြားသူတွေနဲ့ ဆေးထိုးအပ်တွေ မျှဝေသုံးစွဲခြင်း
- စိတ်ကြွဆေးသုံးပြီး အသိစိတ်လွတ်လို့ လိင်ဆက်ဆံခြင်း
- ပိုးရှိတဲ့ မိခင်မှ သန္ဓေသားဆီ ကူးစက်ခြင်း
- ရောဂါပိုးရှိတဲ့သွေးဟာ ခန္ဓာကိုယ်ထဲ တစ်နည်းနည်းနဲ့ ဝင်လာခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
HIV ပိုးနဲ့ AIDS ရောဂါဟာ မတူညီပါဘူး။ HIV ပိုး ကူးစက်ခံရသူကို HIV-Positive အဖြစ် သတ်မှတ်ပြီး ဒါကို ရောဂါအခြေအနေလို့ သတ်မှတ်မထားဘဲ ART လို့ခေါ်တဲ့ဆေးကို ပုံမှန်သောက်ပေးရုံနဲ့ ရောဂါပိုးတွေ ထပ်မပြန့်နိုင်ဘဲ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်သွားနိုင်ပါတယ်။ ဒီဆေးကို လုံးဝမသောက်ဘူးဆိုရင်တော့ အချိန်နဲ့အမျှ ကိုယ်ခံအားစနစ်က ဆုတ်ယုတ်သွားမှာဖြစ်ပြီး ရောဂါပေါင်းစုံဝင်လာတဲ့ နောက်ဆုံးအဆင့်ကိုမှ AIDS - ခုခံအားကျဆင်းမှုကူးစက်ရောဂါအဖြစ် သတ်မှတ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံက လိင်ကျန်းမာရေးအကြောင်း မသိတဲ့သူတွေကြား အပြောများနေတဲ့ ပိုးကူးခံရတာနဲ့ အေကိုက်နေပါပြီဆိုတဲ့ အသုံးအနှုန်းကတော့ လုံးဝကို မှားယွင်းတယ်လို့ပဲ ပြောရမှာပါ။
လူဆိုတာ အမြဲ အိပ်၊ စား၊ ကာမနဲ့ မကင်းနိုင်တဲ့အတွက် လိင်အပျော်အပါးလိုက်စားတာကို အပြစ်ပြောလို့ မရသလို၊ ကြားထဲမှာ ကိုဗစ်ကြောင့် အပြင်ထွက်မပျော်ရတဲ့အတွက် ဒီလိုအချိန်မှာ လူငယ်တွေ စိတ်လွတ်လက်လွတ် ပျော်ကြတာကတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် အသိစိတ်လွတ်သွားရင်တော့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့လာနိုင်သလို၊ ဒီပြဿနာကြောင့်လည်း ကိုယ့်ဘဝအိပ်မက်တွေ ပျက်စီးသွားနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဟာ လိင်အပျော်အပါးလိုက်စားတတ်သူ တစ်ဦးဖြစ်တယ် ဒါမှမဟုတ် လိင်မှုကိစ္စတွေနဲ့ မစိမ်းတဲ့သူ ဖြစ်တယ်ဆိုရင်တော့ မှာချင်တာက
၁။ ကိုယ်မသိတဲ့သူစိမ်းတစ်ယောက်နဲ့ လိင်ကိစ္စဖြစ်တော့မယ်ဆိုရင် ကွန်ဒုံးကို အမြဲသုံးပါ။
၂။ ကိုယ်နဲ့ဆက်ဆံလိုက်သူမှာ HIV ပိုးရှိတယ်လို့ သံသယရှိတယ်ဆိုရင် (၇၂) နာရီအတွင်း အရေးပေါ်ကာကွယ်ဆေး PEP ကို သောက်ပေးပါ။
၃။ ပုံမှန် PrEP ဆေးသောက်ပေးရင်လည်း HIV ပိုးကို ၉၀% လောက် ကာကွယ်နိုင်ပါတယ်။ (သတိပြုရမှာက ဒီဆေး ၂ မျိုးဟာ HIV ပိုးတစ်မျိုးတည်းကိုပဲ ကာကွယ်ပေးနိုင်တာဖြစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးမှာမဟုတ်ပါဘူး၊ ဒါကြောင့် ကွန်ဒုံးသည်သာ အကောင်းဆုံး ကာကွယ်နည်းလမ်းဖြစ်ပါတယ်)
၄။ ကိုယ့်မှာ ပါတနာတွေရှိတယ်၊ ဒါမှမဟုတ် ချစ်ရသူရှိတယ်ဆိုရင် အမြဲတမ်း သွေးစစ်ပြီး၊ သွေးစစ်ချက်အဖြေကို ကြည့်ပြီးမှ စိတ်လွတ်ကိုယ်လွတ် ဆက်ဆံပါ။
၅။ လူတစ်ယောက်ရဲ့ အပြင်ပန်းကို ကြည့်ပြီး ရောဂါပိုးရှိတယ်၊ မရှိဘူး မဆုံးဖြတ်ပါနဲ့။
၆။ (၃) လ တစ်ကြိမ် ကာလသားရောဂါပိုး၊ HIV ပိုးရှိမရှိ သိအောင် ပုံမှန်သွေးစစ်ပါ။
၇။ ချစ်သူ၊ အိမ်ထောင်ဖက်ရှိတယ်ဆိုရင် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။
ရဲမျိုးမြတ်